မူလသို့

AI က ကျွန်တော်တို့အနားမှာပါ။

Artificial Intelligence လို့ခေါ်တဲ့ (AI) ဉာဏ်ရည်တုဟာ တကယ်တော့ ကျွန်တော်တို့နားကို ရောက်နှင့်နေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေသတိမထားမိခဲ့ဘူး။ AI က ဘယ်လိုပုံစံနှင့် ရောက်နေသလဲ၊ AI က ကျွန်တော်တို့ကို ဘာတွေလုပ်နေသလဲ၊ AI က အနာဂတ်အတွက် ကြောက်စရာကောင်းနေပြီလား၊ ဘယ်လို အကျိုးကျေးဇူးတွေ ရှိလဲ၊ စတာတွေကို သိထားသလောက် မျှဝေပေးချင်တာကြောင့် ဒီ Post ကို ရေးသားရခြင်းဖြစ်ပါတယ်။

Terminator I Robot
Terminator Movie Poster I Robot Movie Poster

ကျွန်တော်တို့ ကွန်ပျူတာကိုစတင်ပြီး လေ့လာသင်ယူခါစက AI ဆိုတာ ဉာဏ်ရည်တုဖြစ်တယ်၊ Robot တွေမှာပဲ တွေ့နိုင်တယ်ဆိုပြီး AI ဆိုတဲ့ စကားလုံးနှင့် စပြီးရင်းနှီးခဲ့တယ်။ နောက်တော့ AI (Artificial Intelligence)၊ Terminator၊ i-Robot စတဲ့ ရုပ်ရှင်တွေကြည့်ပြီး AI ဆိုတာ လူကဲ့သို့ ပုံစံတူပြုလုပ်ထားတဲ့ စက်ရုပ်တွေထဲမှာ လူလိုစဉ်းစားတွေးခေါ်နိုင်အောင် လူ့ဉာဏ်ရည်ကဲ့သို့ ဖန်တီးထားတဲ့နည်းပညာတစ်ခုလို့ နားလည်ခဲ့တယ်။ နောက်ပြီး၊ Computer Game တွေထဲမှာ အသုံးပြုတဲ့ Character တွေရဲ့ပြုမူလုပ်ဆောင်တာတွေ၊ တုန့်ပြန်တာတွေဟာ Game တွေထဲမှာ AI ထည့်သွင်းထားတာကြောင့်လို့ နားလည်ခဲ့တယ်။ အခုအချိန်မှာတော့ ဒီ AI ဆိုတဲ့နည်းပညာဟာ ထင်တာထက် ပိုကျယ်ပြန့်ပြီး ဒီနည်းပညာဟာ ကျွန်တော်တို့အနားကို ကျွန်တော်တို့ မသိလိုက်တဲ့အချိန်မှာပဲ ရောက်နှင့်နေပါပြီ။ ကျွန်တော်တို့ဟာ facebook နှင့် Google ကို အမြဲတမ်းလိုလို သုံးဖြစ်တယ်ဆိုရင်…သေချာပြီ…

AI က စောင့်ကြည့်နေတယ်

AI က ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်ဆိုတာ...

Facebook အသုံးပြုရင် ကျွန်တော်တို့လုပ်လေ့ရှိတဲ့ အပြုအမူတွေက

  • ‌Post တင်မယ်
  • Like လုပ်မယ်
  • Share လုပ်မယ်
  • Search လုပ်မယ်

Google အသုံးပြုရင် ကျွန်တော်တို့လုပ်လေ့ရှိတဲ့ အပြုအမူတွေက

  • Search လုပ်မယ်

ဒီ Behavior တွေကို Facebook နှင့် Google ထဲမှာ ထည့်သွင်းထားတဲ့ AI က အမြဲမှတ်နေတယ်။ ဘာလို့မှတ်လည်းဆိုတော့ သူ့ကြော်ငြာတွေအတွက် မှတ်ထားတာဖြစ်တယ်။ မှတ်ထားတဲ့အချက်အလက်တွေပေါ်မူတည်ပြီး သင်ဟာ ဘာစိတ်ဝင်စားတဲ့သူလဲ၊ ဘာအကြောင်းအရာတွေကို ရှာလေ့ရှိလဲ၊ ဘယ်လိုပွဲတွေကို တက်လေ့ရှိလဲ၊ စသည်ဖြင့် AI က ခွဲခြားမှတ်သားပြီး၊ ကျွန်တော်တို့ကြည့်တဲ့ Facebook Post တွေထဲမှာ ကျွန်တော်တို့စိတ်ဝင်စားမယ့် ကြော်ငြာတွေလာပြပေးတယ်။ အခြား Website တွေကြည့်ရင်လည်း ကြော်ငြာတွေလာပြတယ်။ ယောင်လို့များ Bluetooth ဖွင့်မထားနဲ့ ကျွန်တော်တို့ဖုန်းရောက်နေတဲ့နေရာက Facebook နှင့် Google မှာကြော်ငြာထည့်သွင်းထားရင် အိမ်ရောက်လို့ Internet ဖွင့်တာနှင့် ရောက်ခဲ့တဲ့နေရာနှင့် ဆိုင်မှာရောင်းတဲ့ ပစ္စည်းကြော်ငြာတွေ Internet မှာ တက်လာလိမ့်မယ်။ AI က အဲ့လောက်ထိ စွမ်းတယ်။ 😁

AI နှစ်မျိုး

AI မှာ အမျိုးအစား (၂)မျိုးရှိပါတယ်။

Pure (or) General AI

Pure (or) General AI

Pure AI ကို နည်းပညာနယ်ပယ်ကလူတွေတောင် အနာဂတ်အတွက် စိုးရိမ်ထိန့်လန်ကြတဲ့ AI အမျိုးအစားဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ လူသားတွေရဲ့ဖြစ်တည်မှု၊ စဉ်းစားတွေးခေါ်နိုင်မှု၊ မျိုးဆက်ပြန့်ပွားမှု စသည်တို့အတွက် စိုးရိမ်ကြတာဖြစ်တယ်။ Pure AI ဆိုတာတကယ်တော့ လူသားတွေမလုပ်နိုင်တဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်အောင်၊ အချိန်ယူပြီးဆုံးဖြတ်ရမယ့်အရာတွေကို အချိန်တိုအတွင်းမှာ တိကျတဲ့ ဆုံးဖြတ်ချက်တွေပေးနိုင်အောင်၊ စတာတွေအတွက်အစားထိုး လုပ်ဆောင်နိုင်အောင် ဖန်တီးထားတဲ့ Robot တွေဖြစ်ပါတယ်။ ဒီ AI မျိုးတွေကို နယ်ပယ်စုံကပညာရှင်တွေ စုပေါင်းဖန်တီးမှသာ တကယ့်ကို ပြီးပြည့်စုံတဲ့ AI နှင့် Robot မျိုးတွေထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ China၊ US နှင့် Japan တို့က အမျိုးမျိုးသောလုပ်ငန်းသုံး Robot တွေထုတ်လုပ်မှုမှာ ဦးဆောင်နေတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

Pragmatic (or) Narrow AI

Pragmatic (or) Narrow AI

Pragmatic AI ဆိုတာ အချက်အလက်တွေပေါ်မှာ အခြေခံပြီး လုပ်ငန်းအမျိုးမျိုးမှာ အသုံးပြုနိုင်အောင်အတွက် ဖန်တီးထားတဲ့ AI ဖြစ်တယ်။ Online အသုံးပြုသူတိုင်းနှင့် အလွယ်တကူထိတွေ့နိုင်တဲ့ AI ဖြစ်တယ်။ ဒီ AI အမျိုးအစားကို ကွန်ပျူတာကျွမ်းကျင်ပညာရှင်တိုင်း အလွယ်တကူ ဖန်တီးလို့ရတယ်။ ဥပမာဆိုရင် facebook အသုံးပြုသူရဲ့ အပြုအမူကို မှတ်သားထားပြီး စီးပွားရေးကြော်ငြာတွေကို facebook post တွေကြားထဲမှာ အလျှင်းသင့်သလို ဖေါ်ပြပေးတာမျိုး၊ နောက်ပြီး ဘာသာစကားအခြေပြုပြီး မိမိမေးသမျှကို အသံ (သို့) စာ အနေနှင့် ပြန်လည် ဖြေကြားပေးနိုင်တဲ့ chatbot လိုမျိုးတွေဟာ Pragmatic AI အမျိုးအစားတွေဖြစ်ပါတယ်။ Apple Siri၊ Google Assistance နှင့် Amazon Alex တို့ဟာလည်း chatbot တွေဖြစ်ပါတယ်။ ဒီ AI အမျိုးအစားတွေဟာ ကျွန်တော်တို့အတွက် ပညာရေး၊ ကျမ္မာရေး၊ လူမှုရေးကိစ္စတွေမှာ သိချင်တာတွေကိုမေးနိုင်တယ်၊ အကြံပြုပေးနိုင်တယ်၊ ဘာသာပြန်ပေးနိုင်တယ် စသည်ဖြင့်အကူအညီပေးနိုင်တဲ့ AI တွေဖြစ်ပါတယ်။

AI တွေရဲ့ ပင်မအသက်သွေးကြော

AI တွေရဲ့ ပင်မအသက်သွေးကြော

Pure AI နှင့် Pragmatic AI နှစ်ခုစလုံးအတွက် ပင်မအသက်သွေးကြောကတော့ Data လို့ခေါ်တဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အင်တာနက်ပေါ်တင်သမျှ (စာ၊ ဓါတ်ပုံ၊ အသံ၊ ဗွီဒီယို) စသည်တို့အားလုံးဟာ Data တွေပဲဖြစ်ပါတယ်။ Data မရှိတဲ့ AI ဟာ ဓါတ်ဆီမရှိတဲ့ မော်တော်ကားလိုပါပဲ။ ဒါကြောင့် Data အခြေပြု ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google တို့ Facebook တို့ဟာ ကမ္ဘာပေါ်မှာအရေးပါပြီး၊ ချမ်းသာတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်လာပါတယ်။ ၂၁ရာစုမှာ သဘာဝသယံဇာတွေထက် ပိုပြီးအရေးပါတန်ဖိုးရှိလာတာကတော့ Data ပဲဖြစ်ပါတယ်။ Data နှင့်အတူ AI ဟာလည်း အနာဂတ်မှာအရမ်းအရေးပါလာတဲ့ နည်းပညာဖြစ်လာခဲ့ပါတယ်။ ဖတ်မိတဲ့ သတင်းတွေအရဆိုရင် 2021 နောက်ပိုင်းမှာ AI တွေအတွက် ကုမ္ပဏီတွေသုံးစွဲမယ့်ငွေကြေးဟာ US $57 ဘီလီယံကျော်အထိရှိနိုင်တယ်ခန့်မှန်းထားကြပါတယ်။